people-protesting

ပဋိပက္ခ လေ့လာဆန်းစစ်ရာတွင် မသန်စွမ်းအရေးကိစ္စသည် လုံလောက်သည့် အာရုံစိုက်မှု မရသော အရေးကိစ္စတစ်ခုဖြစ်သည်။ မတူကွဲပြားသည့် ကျား-မ ရေးရာအုပ်စုများအနေဖြင့် မသန်စွမ်းမှုကို မည်သို့ တွေ့ကြုံရကြောင်းနှင့် ၎င်းတို့အနေဖြင့် ငြိမ်းချမ်းရေးတည်ဆောက်ခြင်း လုပ်ငန်းများတွင် မည်သို့ ပါဝင်ပံ့ပိုးနိုင်သည် ဆိုသည်တို့ကို ပိုမိုအာရုံစိုက်ရန် လိုအပ်နေသည်။ (ဓါတ်ပုံ - Sinn Féin, Flickr)


လေ့ကျင့်ခန်း

အောက်တွင် ဖော်ပြထားသည့် လူပုဂ္ဂိုလ်များ နှင့် ၎င်းတို့၏ လူမှုရေး ဝိသေသလက္ခဏာများကို ကြည့်ပါ။ သင့်နိုင်ငံ ဖြစ်စေ သို့မဟုတ် သင်သိသော အခြားနိုင်ငံတစ်ခုခု ဖြစ်စေ ရင်းနှီးကျွမ်းဝင်သည့် အခင်းအကျင်းတစ်ခုကို စဥ်းစား၍ အဆိုပါ လူပုဂ္ဂိုလ်များအား သက်ဆိုင်ရာ လူမှုအဆင့်အတန်း၊ သြဇာအာဏာနှင့် အခွင့်ထူးရရှိမှုအခြေအနေအလိုက် အဆင့်ခွဲလိုက်ပါ။ ဥပမာ လေးစားခံရမှု အဆင့်၊ ရင်းမြစ်များ ရယူသုံးစွဲနိုင်မှု ၊​လုံခြုံရေး ၊ လွတ်လပ်စွာ သွားလာနိုင်မှု နှင့် ၎င်းတို့ ရယူနိုင်သည့် အခြားအခြားသော သြဇာပါဝါများ ကို ထည့်သွင်းစဥ်းစားရန် လိုအပ်ပါလိမ့်မည်။ မှတ်ချက် - သင့်အနေဖြင့် အချို့သော ဝိသေသလက္ခဏာများကို ဆင်တူရိုးမှား နေရာချထားရန် ဆုံးဖြတ်ကောင်း ဆုံးဖြတ်လိမ့်မည်။ ဤလေ့ကျင့်ခန်းအတွက် တိကျသော အစဥ်လိုက် နေရာချထားမှု မလိုအပ်ပါ။

  • အကြီးတန်း နိုင်ငံရေး ခေါင်းဆောင်တစ်ဦး၏ ဇနီး
  • အသက်ကြီးသော ချမ်းသာသည့် စီးပွားရေးသမား
  • ဒေသန္တရအစိုးအတွက် အလုပ်လုပ်နေသည့် ဘီးတပ်လှည်းနှင့်လူငယ်တစ်ဦး
  • မြို့ထဲတွင်အလုပ်လုပ်သည့် အမျိုးသမီးရဲမေတစ်ဦး
  • ကျေးလက်ဒေသမှ ဘာသာရေးခေါင်းဆောင် အမျိုးသားတစ်ဦး
  • လိင်သတ်မှတ်ချက်ကွဲလူသူ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတစ်ဦး
  • စစ်သားဟောင်း နှင့် လွှတ်တော်ကိုယ်စားလှယ် အမျိုးသားကြီးတစ်ဦး
  • လက်နက်ကိုင်တော်လှန်ရေးသမားကို လက်ထပ်ထားသူ အမျိုးသမီးငယ်တစ်ဦး
  • နေရပ်စွန့်ခွာထွက်ပြေးလာရသူ သက်လတ်ပိုင်းအရွယ် ကလေးငါးယောက်ဖခင် တစ်ဦး
  • လိင်အကြမ်းဖက်မှုကြုံတွေ့ခဲ့ရသော ကလေးတစ်ဦးမိခင်
  • မြို့ကြီး၌ နေထိုင်သူ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ အမျိုးသမီး တက္ကသိုလ် ကထိကတစ်ဦး
  • မြို့ငယ်လေးတစ်မြို့မှ ၁၃ နှစ်အရွယ် တိုင်းရင်းသားလူနည်းစု ဝင် မိန်းမငယ်တစ်ဦး

အချိန်အနည်းငယ်ယူ၍ အောက်ပါ မေးခွန်းများကို ဖြေဆိုပါ

  1. ကျွန်ုပ်တို့ စာရင်း၏ ထိပ်ဆုံးရှိ သူများအကြောင်း သင်ဘာကို သတိထားမိသလဲ သို့မဟုတ် ၎င်းတို့တွင် ရှိမည်ဟု ယူဆရသော လူမှုအသိုင်းအဝိုင်း အဆင့်အတန်း နှင့် သြဇာ တို့မှာ အဘယ်နည်း။
  2. မည်သူသည် အာဏာရှိ၍ သြဇာကြီးမားမည်ဟု မှတ်ယူရာတွင် ကျား-မရေးရာ ယူဆချက်များကို မည်သို့ လွှမ်းမိုးနေသနည်း။
  3. ကိုယ်ပိုင်ဝိသေသ လက္ခဏာ၏ မည်သည့် အခြားသော အစိတ်အပိုင်းများ (ဥပမာ - အလုပ်အကိုင်၊ အဆင့်အတန်း၊ လိင်စိတ်ခံယူမှု၊ နိုင်ငံရေး ပတ်သက်မှု သို့မဟုတ် နိုင်ငံရေးနေရာ၊ အသက်၊ ကိုးကွယ်ရာဘာသာ နှင့် တိုင်းရင်းသားလူမျိုး) သည် မည်သူတို့အား လူမှုရေးအဆင့်အတန်းနှင့် သြဇာ ရှိရမည် သို့မဟုတ် မည်သူတို့ကို ဖယ်ကျဥ်ရမည် ဆိုသည်တို့အပေါ် သက်ရောက်သနည်း။
  4. ကျား-မရေးရာတို့သည် အခြားသော ဖြစ်တည်မှု ဝိသေသလက္ခဏာများနှင့် မည့်သို့သောနည်းလမ်းများဖြင့် ရောဆက် ယှက်နွယ်သနည်း။
  5. အဆိုပါ လူပုဂ္ဂိုလ်တစ်ဦးချင်းစီ အပေါ် ပဋိပက္ခက မည်သို့ အကျိုးသက်ရောက်သနည်း။
  6. ယင်းတို့ တစ်ခုစီသည် ငြိမ်းချမ်းရေးတည်ဆောက်ခြင်းအပေါ် မည်သို့ ပံ့ပိုးပေးသနည်း။
  7. ပဋိပက္ခနှင့် ငြိမ်းချမ်းရေးတည်ဆောက်ခြင်း အခင်းအကျင်းတွင် မည်သို့သော ပတ်သက်ဆက်နွယ်မှုများအား သြဇာရှိသည် သို့မဟုတ် လွှမ်းမိုးမှုရှိသည်ဟု မမြင်ကြသနည်း။

လက်တွေ့နယ်ပယ်မှ စကားသံများ - ခင်လေး (မြန်မာ)

ခင်လေးသည် တြိအမျိုးသမီးအဖွဲ့ (Triangle Women) ကိုတည်ထောင်သူဖြစ်ပြီး ဒါရိုက်တာအဖြစ် တာဝန်ယူထားသည်။ အဆိုပါအဖွဲ့သည် မြန်မာနိုင်ငံတစ်ဝှမ်းရှိ အောက်ခြေလူတန်းစား အမျိုးသမီးများ၏ နိုင်ငံရေးနှင့် အရည်အချင်းများ တိုးတက်ဖွံ့ဖြိုးစေရန်နှင့် အမျိုးသမီးများ ပြည်သူ့အရေးတွင် တက်ကြွစွာ ပိုမိုပါဝင်လာစေရေးအတွက် လုပ်ဆောင်နေသည်။ ဖိနှိပ်ခံ ပြည်သူလူထုအတွက် တိုက်တွန်းအရေးဆိုမှုများ ပြုလုပ်ခဲ့သောကြောင့် သူမအား ဖမ်းဆီး အရေးယူ၍ ထောင်သွင်းအကျဥ်းချခဲ့သည်။ မကြာသေးခင်က ခင်လေးသည် အမျိုးသမီး အခွင့်အရေးများ တိုးတက်လာစေရေး နှင့် အရပ်ဘက်အဖွဲ့အစည်းများ ပိုမိုအားကောင်းလာစေရန်ကို အထူးအာရုံစိုက် လုပ်ဆောင်နေခဲ့သောကြောင့် ခရိယာန်နှင့် မူဆလင် အမျိုးသမီးများကဲ့သို့သော ဘာသာရေး လူနည်းစု အုပ်စုများက အမျိုးသမီးအခွင့်အရေးအတွက် စွမ်းစွမ်းတမံလုပ်ဆောင်သူ ချန်ပီယံတစ်ဦးအဖြစ် အသိအမှတ်ပြုမှုကိုလဲ ခံယူရရှိခဲ့သည်။ ခင်လေးက နောက်ခံအခြေအနေ အသီးသီးမှ ကြံ့ခိုင်သော အမျိုးသမီး ခေါင်းဆောင်မျိုးဆက်သစ်များ ပေါ်ထွန်းလာစေရေးအတွက် ပျိုးထောင်ပေးခြင်းသည် နိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုအတွက် အရေးပါသည့် အစိတ်အပိုင်းဖြစ်သည် ဟု ယုံကြည်သည်။

အမျိုးသမီးဝါဒ ၊ လူမျိုးရေး တရားမျှတမှုနှင့် အမျိုးသမီး ၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး

အလွှာစုံ ရောယှက်ဆက်နွယ်နေသည့် ဝိသေသလက္ခဏာများ အပိုင်း၏ အဓိက အချက်တစ်ခုမှာ အရပ်ရပ်ပေါင်းစုလာသည့် ဖယ်ကျဥ်ထားမှု အပေါ် မီးမောင်းထိုးပြထားသည်သာမက မတူကွဲပြားသည့် လူပုဂ္ဂိုလ်တစ်ဦးချင်းနှင့် အုပ်စုများ၏ ထူးခြား တန်ဖိုးရှိလှသော ပါဝင်မှုတို့ဖြစ်သည်။ ဤ အမျိုးသမီးဝါဒ ၊ လူမျိုးရေး တရားမျှတမှု နှင့် အမျိုးသမီး ၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး ဆိုင်ရာ ဟောပြောမှုတွင် ဒေါက်တာ လေလီ မက်ပါရီယန်က ကျား-မရေးရာ တန်းတူညီမျှမှု၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး ဆိုင်ရာ အကျယ်တဝင့် ဆွေးနွေးမှုများ အတွင်းသို့ လူမည်းအမျိုးသမီးများက အမျိုးသမီးဝါဒ ရှုထောင့်များ ယူဆောင်လာခြင်းမှ အတွေ့အကြုံများကို ခြုံငုံတင်ပြထားသည်။ အကယ်၍ ဤအကြောင်းအရာကို စိတ်ဝင်စားပါက အောက်ပါ တင်ပြမှု (မိနစ် ၄၀ ခန့်ကြာ) ကို နားထောင်၍ အောက်ပါတို့ကို စဥ်းစားပါ - ဤတွင် ဖော်ပြထားသည့် အမျိုးသမီးဝါဒ ရှုထောင့်သည် ငြိမ်းချမ်းရေးနှင့် လုံခြုံရေး၏ အဓိပ္ပါယ်ဖွင့်ဆိုမှုကို မည်သည့်နည်းလမ်းများဖြင့် ချဲ့ထွင်ပေးသနည်း ။ မူရင်းက ငြိမ်းချမ်းရေးနှင့် လုံခြုံရေး ဆွေးနွေးမှုများတွင် ပါဝင်ခြင်းမရှိခဲ့သော မည်သည့် အချက်များနှင့် ဖြစ်နိုင်ခြေများကို အလေးအနက် ဖော်ပြခဲ့သနည်း။


နောက်စာမျက်နှာ  ယခင်စာမျက်နှာ