ပြန်လည်သင့်မြတ်ချစ်ကြည်ရေး
ပြန်လည်သင့်မြတ်ချစ်ကြည်ရေးဆိုသည်မှာ အကြမ်းဖက်မှုများအပြီးတွင် ပျက်စီးသွားသော ဆက်ဆံရေးများကို ပြန်လည်ထူထောင်ခြင်းလုပ်ငန်းစဉ်ကို ရည်ညွှန်းသည်။ ၎င်း သည် လုပ်ငန်းစဥ်တစ်ခုဖြစ်ပြီး စစ်ပွဲများ တရားဝင်အဆုံးသတ်ပြီးနောက် လုပ်ဆောင်လေ့ရှိသည့် ရှိသော်လည်း အကြမ်းဖက်ပဋိပက္ခများ ဖြစ်ပွားနေချိန်အတွင်းတွင်လည်း ငြိမ်းချမ်းရေး ကြိုးပမ်းမှုများကို ပိုမိုအားကောင်းလာစေမည့် ပြန်လည်ကုစားမှုများ ၊ ဆက်ဆံရေးခိုင်မြဲစေရန် ကြိုးပမ်းခြင်း များကို အထောက်အကူပြုနိုင်ပါသည်။ ပြန်လည်သင့်မြတ်ရေး လုပ်ငန်းများတွင် အောက်ပါတို့ ပေါင်းစပ်ပါဝင်နေပါသည်--၁) ကုစားခြင်း - တစ်ဦးချင်းနှင့်လူမှုရေး၊ ၂) အမှန်ကို ထုတ်ဖော်ပြောခြင်း သို့မဟုတ် ပဋိပက္ခအတွင်း ကြုံတွေ့ခဲ့ရသည်များကို မိမိ၏ ယခင်ရန်ဘက်များ နှင့် အစိုးရအား ထုတ်ဖော်ပြောဆို၍ အသိအမှတ်ပြုစေခြင်း ၊ ၃) လျော်ကြေးပေးခြင်း - အသက်ရှင်ကျန်ရစ်သူများအား ၎င်းတို့၏ဘဝ ပြန်လည်တည်ဆောက်ရာတွင် အထောက်အပံ့ သို့မဟုတ် လျော်ကြေးပေးခြင်း ၊ ၄) ဆက်ဆံရေးပြန်လည်ထူထောင်ခြင်း - ပဋိပက္ခ၏ရလဒ်အဖြစ် ပြတ်တောက်သွားသည့် လူမှုဆက်ဆံရေးများ ကို ကုစားပေးခြင်းဖြင့် လူအများ လုံလုံခြုံခြုံဖြင့် အတူတကွ ပြန်လည် နေထိုင်နိုင်ကြစေရန်အတွက် လူမှုဆက်ဆံရေးနှင့် လူအချင်းချင်း ဆက်ဆံရေးကို ပြန်လည် ကုစားပေးခြင်း၊ ပြန်လည်သင့်မြတ်ချစ်ကြည်ရေးကို အထူးသဖြင့် နိုင်ငံတော်က ဦးဆောင်သည့်အခါတွင် အကြမ်းဖက်မှု ကျူးလွန်သူများအား တာဝန်ခံစေမည့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုလည်း ပါဝင်နိုင်သည်။ ပြန်လည်သင့်မြတ်ချစ်ကြည်ရေး လုပ်ငန်းစဉ်များသည် လူတစ်ဦးချင်း၊ အသိုင်းအဝိုင်းနှင့် နိုင်ငံအဆင့်ထိ တရားမျှတမှု၊ ယုံကြည်မှု၊ ဘေးကင်းလုံခြုံမှု နှင့် ကောင်းကျိုးချမ်းသာကို ရှာဖွေ၍ ပြန်လည်တည်ဆောက်ရန် ကြိုးပမ်းသည့် လုပ်ငန်းစဥ်များ ဖြစ်ပါသည်။
ပြန်လည်သင့်မြတ်ရေး လုပ်ငန်းသည် ခက်ခဲသည်။ လူစုလူဝေးဖြင့် အကြမ်းဖက်မှု ဖြစ်ပွားပြီးနောက် တစ်ဦးချင်းနှင့် လူမှုရေးဆိုင်ရာ ဒဏ်ရာဒဏ်ချက်များမှာ ကြီးမားတတ်လေ့ရှိသည်။ ဤလုပ်ငန်း၏သဘောသဘာဝအရ ဘာသာရေးအယူအဆများ၊ ဆောင်ရွက်သူများနှင့် အဖွဲ့အစည်းများသည် ပြန်လည် သင့်မြတ်ချစ်ကြည်ရေး လုပ်ငန်းများအတွက် အထူးသင့်လျော်သည်ဟု အချို့က အဆိုပြုခဲ့ကြသည်။ ဤကဏ္ဍတွင် ဘာသာရေးဆိုင်ရာ အရင်းအမြစ်များမှ ပြန်လည်သင့်မြတ်ချစ်ကြည်ရေး ကြိုးပမ်းမှုများဆိုင်ရာ အခွင့်အလမ်းများနှင့် စိန်ခေါ်မှုများကို ထုတ်နှုတ် လေ့လာကြပါမည်။
ပြန်လည်သင့်မြတ်ရေး
အဓိက အယူအဆ
ကိုးကွယ်ယုံကြည်မှု၏ ထူးကဲသာလွန်ချက်မှာ တစ်ဦးချင်း နှင့် လူမှုအသိုင်းအဝိုင်းများကို အကြမ်းဖက် ပဋိပက္ခ လုပ်ဆောင်ရန် တွန်းအားအဖြစ်သော်လည်းကောင်း သမိုင်းကြောင်းနှင့်ချီသည့် ခါးသည်းနာကျည်းစရာ ဒဏ်ရာများကို ကျော်လွန်သက်သာစေရာ၌လည်းကောင်း အံ့မခမ်းအစွမ်းထက်ခြင်း ဖြစ်သည်။
လက်တွေ့အသုံးချလမ်းညွှန်
ခွင့်လွှတ်ခြင်း နှင့် နောင်တရခြင်း တို့ကဲ့သို့သော ဘာသာရေးအတွေးအခေါ်များနှင့် တန်ဖိုးများသည် ပြန်လည်သင့်မြတ်ချစ်ကြည်ရေးကို အထောက်အကူပြုနိုင်သည်သာမက ဘာသာရေးအဖွဲ့အစည်းမျာကလည်း အဆိုပါ လုပ်ငန်းစဥ်ကို ချောမွေ့စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် လိုအပ်သည့် ကွန်ယက်ချိတ်ဆက်မှုများ ပံ့ပိုးပေးနိုင်သည်ကို ထည့်သွင်းစဥ်းစားပါ။
ပြန်လည်သင့်မြတ်ရေးမရှိလျှင်၊ ငြိမ်းချမ်းရေးမရှိ၊
ပြန်လည်သင့်မြတ်ရေးမရှိလျှင် ငြိမ်းချမ်းရေးမရှိ- လူများ အတူတကွနေထိုင်နိုင်မည့် နည်းလမ်းများ တည်ဆောက်ခြင်း။ အကြမ်းဖက်ပဋိပက္ခများအပြီးတွင် ကမ္ဘာ့ကုလသမဂ္ဂ၏ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ဖြစ်သော စက်တင်ဘာ ၂၁ ရက်နေ့တွင် USIP သည် မည်သည့်နိုင်ငံအတွက်မဆို အကြမ်းဖက် ပဋိပက္ခအပြီးတွင် မရှိမဖြစ်လိုအပ်သည့် လုပ်ငန်းစဉ် ဖြစ်သော ပြန်လည်သင့်မြတ်ချစ်ကြည်ရေးကို မီးမောင်းထိုးပြထားသည်။ စစ်ပွဲများ သို့မဟုတ် အခြားသော အကြမ်းဖက်ပဋိပက္ခများ ကြုံတွေ့ခဲ့ရသော လူ့အဖွဲ့အစည်းအတွက် ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်သည် ထာဝရငြိမ်းချမ်းရေး တည်ဆောက်ရန်အတွက် အခြေခံကျကျ အရေးပါသည်။ ပြန်လည်သင့်မြတ်ရေးက နစ်နာမှုများကို လူအများစေ၍ ကိုင်တွယ်ဖြေရှင်းနိုင်စေပြီး လူမှုရေးပဋိညာဉ်ကို အသစ်ပြုပြင်နိုင်စေသည်။ ဤဖိုရမ်တွင် USIP အတတ်ပညာရှင်များက ၎င်းတို့၏ ပြန်လည်သင့်မြတ်ရေးဆိုင်ရာလုပ်ငန်းများကို ဆွေးနွေးထားကြသည်။
ဘာသာရေးဆိုင်ရာ ပြန်လည်သင့်မြတ်ရေး၏ ဖြည့်စွက်အစိတ်အပိုင်း (၅)ခု
အဓိက အယူအဆ
ဘာသာရေးသည် ဘေးကင်းစိတ်ချရသည့် နေရာထိုင်ခင်းပေးနိုင်ခြင်း ၊ ယုံကြည်ရသော ကြားခံပံ့ပိုးသူများက ခက်ခဲသော အပြန်အလှန်စကားဝိုင်းများကို ဦးဆောင်ပေးနိုင်ခြင်း၊ ထိခိုက်နစ်နာခဲ့ရသည်များအတွက် တာဝန်ခံခြင်းကို တန်ဖိုးမြှင့်ပေးနိုင်ခြင်း၊ ထုံးတမ်းစဥ်လာအရ လျော်ကြေးပေးသည့် လုပ်ငန်းစဥ် လုပ်ဆောင်နိုင်စေခြင်း နှင့် ပြတ်တောက်ကျိုးပဲ့သွားသည့် ဆက်ဆံရေးများ ပြန်လည်တည်ဆောက်ရာတွင် အထောက်အပံ့ပေးသည့် ဘာသာရေး အဆုံးအမများ ပံ့ပိုးပေးနိုင်သည်။
ပြန်လှန်သုံးသပ်ခြင်း
ယုံကြည်ခြင်းနှင့် ဘာသာရေးခေါင်းဆောင်များ - ဂျိမ်းက ဘာသာရေးခေါင်းဆောင်များကို ယုံကြည်အားကိုးလောက်သူများအဖြစ် ရှုမြင်ကြသည့်အတွက် ရန်ဘက်များအား အတူတကွ တွေ့ဆုံ၍ အပြန်အလှန် နားလည်မှု ၊ လူသားဆန်ဆန် ရှုမြင်မှု တည်ဆောက်ရာတွင် တတိယ ကြားခံပုဂ္ဂိုလ်များအဖြစ် လုပ်ဆောင်ပေးနိုင်သည် ဟုဆိုသည်။ ဒီအချက်က အမြဲမှန်ပါသလား။ မည်သည့်အချိန်မျိုးတွင် ပဋိပက္ခဖြစ်နေကြသူ ရန်ဘက်များအကြား ဘာသာရေးခေါင်းဆောင်များက ပြန်လည်သင့်မြတ်ရေး လုပ်ငန်းများကို ဦးမဆောင်သင့်ဟု ထင်ပါသနည်း။