Read in English Read in แบบไทย Read in Tiếng Việt

ထိုင်းနိုင်ငံ နှင့် မြန်မာနိုင်ငံကို နယ်နမိတ်ခြားထားသည့် သောင်ရင်းမြစ်တကြောရှိ လက်နက်ကိုင် ရာဇဝတ်ဂိုဏ်းများ ထိန်းချုပ်၍ အာဏာစက်တည်ဆောက်ထားသော နေရာများ ပြန့်နှံ့နေကြပြီး ယင်းတို့ကို ဖြိုခွင်းရန် ကြိုးစားမှုများမှာ အောက်ပါအတိုင်းဖြစ်လေသည် ။ တရုတ်နိုင်ငံသည် ဘေဂျင်း၏ လက်ဝေခံတပိုင်းဖြစ်သော မြန်မာစစ်တပ်ကို သောင်ရင်းမြစ်တလျှောက် တရုတ်ရာဇဝတ်ဂိုဏ်းများ ထိန်းချုပ် လုပ်ကိုင်နေကြသော လောင်းကစားဝိုင်းများနှင့် ရာဇဝတ်မှုကျူးလွန်ရာ အချက်အခြာနေရာများအား ထိုင်းနိုင်ငံမှ လျှပ်စစ်ဓါတ်အားဖြတ်တောက်ရန် ဖိအားပေးခဲ့သည်။ မြန်မာစစ်တပ်၏ လက်အောက်ခံဖြစ်၍ အဆိုပါ ရာဇဝတ်ဂိုဏ်းများ၏ မိတ်ဖက်ဖြစ်သော ဒေသခံနယ်ခြားစောင့်တပ် (BGF) က ယင်းသို့ပြုလုပ်ပါက နယ်စပ်ကုန်သွယ်ရေးကို ပိတ်ဆို့မည်ဟု တန်ပြန်ခြိမ်းခြောက်လိုက်သည်။

ထို့နောက် BGF နှင့် လူဆိုးဂိုဏ်းများသည် ကြီးမားသော မီးစက်ကြီးများကို လောင်းကစားဇုန်များအနှံ့ တပ်ဆင်လိုက်လေသည်။ မြန်မာစစ်တပ်ကလည်း မည်သည့်ရှင်းလင်းချက်မျှ မပေးသကဲ့သို့ တစုံတရာ အရေးယူလုပ်ဆောင်မှုလည်း မပြုလုပ်ခဲ့ပေ။ မြန်မာစစ်တပ်တခုလုံး မဟုတ်လျှင်သော်မှ အချို့သော တပ်မှူးများသည် အဆိုပါ ရာဇဝတ်လုပ်ငန်းများမှ အကျိုးအမြတ်များ ရရှိခံစားနေကြသည်ဟု ယူဆရသည်။ လုပ်ငန်းများကိုလည်း အရှိန်အဟုန်မပျက် ဆက်လက် လုပ်ကိုင်နေကြသည်။

ထိုင်းနိုင်ငံ မယ်ဆိုင်အနီး မြန်မာနယ်နမိတ်တွင်တည်ရှိသော စစ်တပ်၏ စစ်ဆေးရေးဂိတ်တစ်ခု ၊ မေလ ၉ ၊ ၂၀၁၂ ။ (Giulio Di Sturco/International Herald Tribune)
ထိုင်းနိုင်ငံ မယ်ဆိုင်အနီး မြန်မာနယ်နမိတ်တွင်တည်ရှိသော စစ်တပ်၏ စစ်ဆေးရေးဂိတ်တစ်ခု ၊ မေလ ၉ ၊ ၂၀၁၂ ။ (Giulio Di Sturco/International Herald Tribune)

အဆိုပါအခြေအနေသည် တရားဥပဒေစိုးမိုးမှု ကင်းမဲ့နေသည့် မြန်မာ့နယ်စပ်တလျှောက် နယ်မြေအခြေအနေ နှင့် ဒေသခံအဖွဲ့အစည်းများအလိုက် အနည်းနှင့်အများ ကွဲလွဲမှုရှိသော်လည်း လက်ရှိဖြစ်ပျက်နေသည့် အနေအထား ဖြစ်ပေသည်။ လွန်ခဲ့သောနှစ် နှောင်းပိုင်းတွင် မြန်မာနိုင်ငံတွင်း ရာဇဝတ်ဂိုဏ်းထိန်းချုပ်ဒေသများ ကင်ဆာမြစ်ပွားနာသဖွယ် အမြစ်တွယ် အားကောင်းပျံ့နှံ့နေကြောင်း ဒေသတွင်းနိုင်ငံများက စတင်သတိထားမိလာကြပြီး  ယင်းကိစ္စကို အရေးယူဆောင်ရွက်ရန်  သတင်း မီဒီယာများ ၊ အရပ်ဖက် အဖွဲ့အစည်းများနှင့် အစိုးရများက တောင်းဆိုမှုများ ပိုမိုကျယ်လောင်လာသည်။ ထိုဇုန်များသည် အကြောင်းအရာအသစ် မဟုတ်သော်လည်း ဆိုးရွားသည့် ရာဇဝတ်မှုခင်းများ ဖြစ်ပွားနေကြောင်း သတင်းများကြောင့် နိုင်ငံတကာမှ သတိပြုစောင့်ကြည့်လာကြရသည်။ ဘေဂျင်း၏ ကိုဗစ်-၁၉ ကာကွယ်တားဆီးရေး စည်းကမ်းသတ်မှတ်ချက်များကြောင့် အဆိုပါ ဇုန်များတွင် အလုပ်လုပ်ကြသည့် တရုတ်အလုပ်သမားများ နေရပ်ပြန်ကြရသည့်အခါ ရာဇဝတ်လုပ်ငန်း လုပ်ကိုင်သူများသည် ကမ္ဘာတဝန်းမှ နည်းပညာကျွမ်းကျင်သည့် အလုပ်ရှာသူများအား မက်လောက်စရာ လစာများဖြင့် ဖြားယောင်းသွေးဆောင်၍ ၎င်းတို့အား နယ်စပ်မှတဆင့် ခေါ်ဆောင်ကာ ဆိုက်ဘာကျွန်ပြုခြင်းဖြင့် ဘဏ္ဍာရေး လိမ်လည်မှုများ လုပ်ကိုင်ရန် အတင်းအကျပ် ဖိအားပေး ကြသည်။

အဆိုပါရာဇဝတ်ဇုန်များသည် ကမ္ဘာ့လုံခြုံရေးကို ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနေသည် ဟု ရှုမြင်မှု ကြီးထွားလာသော်လည်း နောက်ဆက်တွဲ အရေးယူလုပ်ဆောင်မှု တစုံတရာ မတွေ့ရသေးပေ။ ဝေဖန်ထောက်ပြမှုအားလုံးသည်လည်း  ထိုဇုန်များတွင် ကိုယ်ကျိုးစီးပွား ရောယှက်ပါဝင်နေကြသည့် အင်အားကြီးမားသော ရာဇဝတ်ဂိုဏ်းအုပ်စုများ၊ ဒေသခံ လက်နက်ကိုင် အဖွဲ့များ၊ အချုပ်အခြာအာဏာ လျော့ရဲနေမှု နှင့် အဂတိလိုက်စားမှုများ ကို ထိုးဖောက်နိုင်ခြင်း မရှိပေ၊ အဆိုပါ ကိစ္စများ၏ ဗဟိုချက်တွင် ရွှေကုက္ကို လောင်းကစားနှင့် လိမ်လည်မှု မြို့တော်ကြီး ရှိနေသည်။

မြန်မာစစ်တပ်သည် ၎င်း၏လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) ကို ကြပ်မတ်ရန် ဆန္ဒမရှိသကဲ့သို့ ထိန်းချုပ်နိုင်စွမ်းရည်လည်း မရှိသည့်အပြင် BGF ထိန်းချုပ်နယ်မြေများက နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းများအား ထိန်းချုပ်နိုင်စွမ်းမှာ ပို၍ပင် မရှိပေ။ နိုင်ငံ၏ ဒေသအများစု၌ စစ်ကောင်စီကို ဆန့်ကျင် တော်လှန်တိုက်ခိုက်နေကြသဖြင့် အဆိုပါအရေးကိစ္စကို ကိုင်တွယ်ရန် စစ်တပ်တွင်  အစစ အရာရာ မလုံမလောက်ဖြစ်နေသည်။

သို့ဖြစ်ရာ အရေးပါသော နယ်စပ်ဖြတ်ကျော် အဆက်အသွယ်များနှင့် ရင်းမြစ်များကို ဖြတ်တောက်ပစ်ရန်မှာ အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံတကာ တရားဥပဒေ စိုးမိုးရေးအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်မှုအပေါ်၌သာ အဓိက မူတည်နေသည်။ ယင်းရာဇဝတ်ဂိုဏ်းများ၏ လိမ်လည်မှုဒဏ်ကို  အမေရိကန်ပြည်သူအချို့ ရင်ဆိုင်တွေ့ကြုံခံစားခဲ့ရသည့် အမေရိကန် ပြည်ထောင်စုအတွက် ယင်း ရာဇဝတ်မှုလှိုင်းသည် လျှင်မြန်စွာ တုန့်ပြန်အရေးယူဆောင်ရွက်ရန် လိုအပ်သည့် သမားရိုးကျ မဟုတ်သော လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတစ်ခုအဖြစ် ရှုမြင်သည်။

မြန်မာနိုင်ငံ၌ BGF နှင့် ၎င်း၏အဆက်အနွယ် ရာဇဝတ်ဂိုဏ်းများ အမြစ်တွယ်ခိုင်မာလာနေ

မြန်မာ-ထိုင်းနယ်စပ် သောင်ရင်းမြစ် တလျှောက် ၃၁ မိုင်အရှည်ရှိသော ဧရိယာ၌ ထင်ရှားသော ရာဇဝတ်မှုဇုန် အနည်းဆုံး ၁၇ ခု တည်ရှိ၍ စုစုပေါင်း ရာဇဝတ်မှုခင်း လုပ်ဆောင်နေသည့် နယ်မြေ ခန့်မှန်းခြေ စတုရန်း ကီလိုမီတာ ၅ သန်း ခန့်ရှိမည်။

ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း တင်းကျပ်သော နယ်စပ်ထိန်းချုပ်မှုများနှင့် ပိတ်ဆို့မှုများရှိသော်လည်း အဆိုပါ ဇုန်များသည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု နောက်ပိုင်း လျှင်မြန်စွာ ချဲ့ထွင်ကြီးထွားလာနေခဲ့သည် ။ ဥပမာအားဖြင့် အွန်လိုင်းတွင် လိမ်လည်ရန် ငြင်းဆန်သည့် လူကုန်ကူးခံရသူ၏ ခန္ဓာကိုယ် အစိတ်အပိုင်းများကို ထုတ်ယူရောင်းစားသည်ဟု Tik-Tok တွင် ဟိုးလေးတကြော် အထိတ်တလန့်ဖြစ်ခဲ့သည့် နာမည်ဆိုးဖြင့် ကျော်ကြားလှသော KK Park သည် ၂၀၂၁ ခုနှစ်က အဆောက်အအုံ ၂၆ ခုသာရှိရာမှ ၂၀၂၃ ခုနှစ်၊ မေတွင် အဆောက်အအုံ ၇၅ ခုအထိ တိုးပွားလာသည်။

လွန်ခဲ့သောနှစ် အစောပိုင်းသို့ ရောက်သောအခါ နိုင်ငံပေါင်း ၄၆ နိုင်ငံမှ နိုင်ငံသားများသည် လူကုန်ကူးမှု သားကောင်အဖြစ် ကျရောက်ရပြီး ၎င်းတို့အနက် အများစုကို ထိုင်းနိုင်ငံမှတဆင့် မြန်မာနိုင်ငံသို့ လူကုန်ကူးခြင်း ဖြစ်သည်။ နိုင်ငံတကာ သတင်း မီဒီယာများ နှင့် တရားဥပဒေစိုးမိုးရေးအဖွဲ့များက ဤအရေးကိစ္စကို ပိုမိုသတိထားမိလာကြသော်လည်း အဆိုပါ လူဆိုးဂိုဏ်းများသည် အွန်လိုင်းမှ အလုပ်သမားခေါ်ယူသည့် ပလက်ဖောင်းများကို ထိုးဖောက်ရန်၊ အလိမ်အညာ အလုပ်သမားသစ်ရှာသည့် လုပ်ငန်းများနှင့် ကွန်ရက်များထူထောင်ရန်၊ လူကုန်ကူးသူများအကြား အဆက်သွယ် ထူထောင်ရန်နှင့် မြန်မာနိုင်ငံတဝန်း နယ်ပယ်အသစ်များချဲ့ထွင်၍ လုပ်ငန်းများထူထောင်ရန် ပိုမိုစွမ်းဆောင်လာနေကြသည် ။

၂၀၂၃ ခုနှစ်၊ မတ်လတွင် ကရင်ပြည်နယ်တွင်း ကြီးထွားလာနေသော ဂိုဏ်းဖွဲ့ရာဇဝတ်လုပ်ငန်းများသည် တော်လှန်ရေး အင်အားစုများအပေါ် ဖိအားဖြစ်လာသည်အထိ ကြီးထွားအားကောင်းလာခဲ့သည်။ ကရင် တော်လှန်ရေး အင်အားစု ခေါင်းဆောင်အချို့သည်ပင် BGF များ၏ တရားမဝင် ရာဇဝတ်စီးပွားရေး လုပ်ငန်းများတွင် ပါဝင်ပါတ်သက်မှုရှိနေသည် ဟု သံသယများ ကြီးထွားလာသောကြောင့် BGF ၏ တရားမဝင်လုပ်ငန်းများသည် ကရင်ပြည်နယ်၏ အုပ်ချုပ်ရေး၊ ဒီမိုကရေစီအလားအလာနှင့် ကိုယ်ပိုင်အုပ်ချုပ်ရေးကို စိုးရိမ်စရာ ထိပါး ခြိမ်းခြောက်လာနေသည် ဟု ကရင်လူမှု အခြေပြု အဖွဲ့အစည်းများက ထုတ်ဖော်ပြောဆိုကြသည်။

ဧပြီလတွင် ဒီမိုကရေစီလိုလားသော လက်နက်ကိုင်အင်အားစု မဟာမိတ်အဖွဲ့တစ်ဖွဲ့က BGF ၏ ရာဇဝတ် အင်ပါယာ ရွှေကုက္ကို နှင့် မြဝတီမြို့နယ်ရှိ BGF၏ တရားမဝင် စီးပွားရေးလုပ်ငန်းများကို ဝင်ရောက်တိုက်ခိုက်လိုက်ခြင်းဖြင့်အဆိုပါ တင်းမာမှုများသည် လက်နက်ကိုင်ပဋိပက္ခ ဖြစ်လာသည်။ ၎င်းတို့က ရွှေကုက္ကိုသည် စစ်ကောင်စီထံ တရားမဝင် ငွေကြေးစီးဝင်နေသည့် မူးယစ်ဆေးနှင့် လိင်ကုန်ကူးသည့် အချက်အခြာဒေသဖြစ်ကြောင်း စွပ်စွဲသည်။ စစ်ကောင်စီကလည်း BGF နှင့် စစ်တပ် အင်အား ပူးပေါင်း၍ တော်လှန်ရေးတပ်ဖွဲ့များအား ကြားဖြတ်ထိုးစစ်ဆင်တိုက်ခိုက်ကာ ပြည်သူ့ ကာကွယ်ရေးတပ် အဓိကအင်အားစုတခုကို ချေမှုန်းပြီး တပ်ဖွဲ့ဝင် ဒါဇင်နှင့်ချီ၍  ဓားစာခံ အဖြစ်ဖမ်းဆီးခဲ့သည် ။ ဤနည်းအားဖြင့် စစ်ကောင်စီသည် ရွှေကုက္ကို ရာဇဝတ်ဇုန်ကို  ဘေးကင်းအောင်ကာကွယ်စောင့်ရှောက်ပေးမည်ဖြစ်ကြောင်း ၎င်း၏ ဆုံးဖြတ်ချက်ကို ဂုဏ်ယူဝံ့ကြွားစွာ ပြသလိုက်သည်

အွန်လိုင်း အယုံသွင်းလိမ်လည်ခြင်း သို့မဟုတ် “ဝက်ပေါ်ခြင်း”ကမ္ဘာတဝှမ်းပြန့်နှံ့

ကနဦးက တရားမဝင် အွန်လိုင်း လောင်းကစားကို အဓိကထားသော်လည်း ရာဇဝတ်ဇုန်များသည် ယခုအခါ ယခုအခါ ဝက်ပေါ်ခြင်း သို့မဟုတ် တရုတ်လို ရှာကျူဖန်ဟု ခေါ်သည့် လိမ်လည်မှုပုံစံသစ်တခုကို ပိုမို အားထုတ်လုပ်ဆောင်လာကြသည် ။ အဆိုပါ လိမ်လည်မှု နည်းလမ်းသည် ၂၀၁၈ ခုနှစ် ပတ်ဝန်းကျင်က တရုတ်၌ စတင်ခဲ့သည့် လိမ်လည်နည်းဖြစ်ပြီး ကိုဗစ်ကြောင့် လောင်းကစားမှ အကျိုးအမြတ်များ လျော့နည်းလာသောအခါ တရုတ်နှင့်ပတ်သက်သည့် ရာဇဝတ် ဂိုဏ်းအုပ်စုများက ၎င်းလိမ်လည်နည်းကို အရှိန်မြှင့် အသုံးပြုလာကြသည်။

ထိုလိမ်လည်နည်းတွင် လိမ်လည်သူများသည် အွန်လိုင်းတွင် သားကောင်ဖြစ်နိုင်ခြေရှိသူများကို ကာလကြာရှည် ဆက်ဆံရေးတည်ဆောက်၍ ယုံကြည်လာစေရန် သွေးဆောင်ကြသည်။ ယုံကြည်လာပြီဆိုပါက လိမ်လည်သူက အသေးစားစီးပွားရေး ရင်းနှီးမြုပ်နှံမှု အစီအစဉ်တခုဖြင့် သွေးဆောင်ကာ ပါဝင်ရင်းနှီးမြုပ်နှံလာစေရန် ဆွဲဆောင်သည်။ တရားဝင် အွန်လိုင်း ကုန်သွယ်မှုလုပ်ငန်း ဖြစ်ကြောင်း ယုံကြည်စေရန် အကျိုးအမြတ်အချို့လည်း ခွဲဝေပေးသည်။ ယင်းကို ဝက်အသားတိုးစေရန် အစာကျွေးခြင်းဟု ခေါ်ပြီး ဤသို့ပြုလုပ်ခြင်းဖြင့် ပိုမိုယုံကြည်လာကာ ငွေအများအပြား ထပ်မံလွှဲပြောင်းပေးသည်အထိ ဆက်လက်လုပ်ကိုင်ကြသည်။ ထို့နောက် လိမ်လည်သူသည် ဝက်ကိုသတ်လိုက်သကဲ့သို့ ငွေများနှင့်အတူ ပျောက်ကွယ်သွားတော့သည်။ အချို့ဂိုဏ်းများသည် အနောက်တိုင်း လူမှုကွန်ရက်မီဒီယာဆိုက်များနှင့် WhatsApp တို့မှ အလားအလာရှိသော သားကောင်များကို ဖော်ထုတ်ရန် သို့မဟုတ် လိမ်လည်မှုစွမ်းရည် အဆင့်မြှင့်တင်ရန် ဉာဏ်ရည်တုပုံစံသစ်များ ဖန်တီးနေကြသည်။ လိမ်လည်မှုများတွင်အသုံးပြုမည့် ပုံများနှင့် ဗီဒီယိုအကြောင်းအရာများ ကို generative AI ဖြင့် ဖန်တီး၍လည်းကောင်း ၊ ဇာတ်လမ်းများနှင့် အကြောင်းအရာများကို ChatGPT ကို အသုံးပြု၍ လည်းကောင်း ရေးသားကြသည်။

စစ်တပ်နှင့် BGF များက ရာဇဝတ်ဂိုဏ်း များအား အကာအကွယ်ပေးနေ

မြန်မာနိုင်ငံတွင်း ဂိုဏ်းဖွဲ့ရာဇဝတ်မှုများ ကြီးထွားပျံ့နှံ့လာမှုကို ဟန့်တားရာ၌ အကြီးမားဆုံး အခက်အခဲမှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက စစ်အာဏာသိမ်းမှုကြောင့် ဖြစ်လာသည့် အုပ်ချုပ်ရေး ဖရိုဖရဲဖြစ်မှုနှင့် တရားဥပဒေ စိုးမိုးမှု ကင်းမဲ့လာခြင်း တို့ဖြစ်သည်။ ရွေးကောက်ခံအစိုးရသည် တရုတ်လူဆိုးဂိုဏ်းများ ဝင်ရောက်ခြင်းကို တားဆီးရန် ကြိုးစားခဲ့သော်လည်း စစ်ကောင်စီကမူ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အဆိုပါ လုပ်ဆောင်မှုများကို ပြောင်းပြန်လှန်ပစ်ခဲ့ပြီး တရားမဝင် ရာဇဝတ်လုပ်ငန်းများ အလျှင်အမြန် ချဲ့ထွင်လာခဲ့ကြသည်။ ယင်းဇာတ်လမ်း၏ ဗဟိုချက်တွင် ရှိနေသည်မှာ ကရင်နယ်ခြားစောင့်တပ်ဖြစ်ပြီး ထိုတပ်ဖွဲ့သည် ရွှေကုက္ကို ရာဇဝတ်မြို့တော် အလယ်၌ ဌာနချုပ်ဖွင့်ထားသည်။

ကရင် BGF သည် အနည်းဆုံးအဆင့် အမည်ခံအားဖြင့် မြန်မာစစ်တပ်၏ ထိန်းချုပ်မှုအောက်တွင် ရှိပြီး အာဏာသိမ်းမှုနှင့် တရုတ်ရာဇဝတ်ဂိုဏ်း ခေါင်းဆောင်များနှင့် အဆက်အသွယ်ကြောင့် အလျင်အမြန် သြဇာကြီးလာသည်။

ကရင် BGF သည် ဒီမိုကရက်တစ် ကရင်အကျိုးပြုတပ်မတော် (DKBA) ဟု ခေါ်သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတခုမှ ၂၀၀၀ ပြည့်နှစ်များ နှောင်းပိုင်းတွင် ပေါ်ပေါက်လာသည်။ ၎င်းတို့သည် ၂၀၁၇-၂၀၁၉ ခုနှစ်အတွင်း အဓိကကျသည့် တရုတ် ရာဇဝတ်ဂိုဏ်း နှစ်ခုဖြစ်သော ယထိုင်း အပြည်ပြည်ဆိုင်ရာ ကော်ပရေးရှင်း (Yatai International Holding) ၏ အကြီးအကဲ ရှီကျီကျန်းနှင့် ဟုန်မန် ကမ္ဘာ့သမိုင်းနှင့် ယဉ်ကျေးမှုအသင်းဟုခေါ်သော နိုင်ငံဖြတ်ကျော် ရာဇဝတ် ဂိုဏ်းခေါင်းဆောင် ဝမ်ကောက်ကွေ ခေါ်  သွားကျိုး  ဦးဆောင်သည့် ဂိုဏ်းများနှင့် မဟာမိတ်ဖွဲ့လာသည်။ ကရင် BGF က ထိုင်းနယ်စပ်အနီး ပေါ်ပေါက်လာသည့် တရားမဝင်လောင်းကစားမြို့ကြီး နှစ်ခုဖြစ်သည့် ရွှေကုက္ကိုနှင့် ဆိုင်ရှီကောင် (ယခုအခါ ဒုံမေဇုန် ဟုခေါ်သည်) အတွက် မြေနေရာနှင့် အထောက်အပံ့များ ပေးထားသည်။

ထိုင်းရဲတပ်ဖွဲ့က ရှီကျီကျန်းကို ၂၀၂၂ ခုနှစ်၊ သြဂုတ်လတွင် ဖမ်းဆီးလိုက်ပြီး ၎င်းမရှိသည့်နောက် BGF သည် ကြီးမားလှသော ရာဇဝတ်အင်ပါယာကို ထိန်းချုပ်ကာ ချမ်းသာကြွယ်ဝလာသည်နှင့်အမျှ သြဇာ ကြီးမားလာသည်။ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလတွင် အမေရိကန် ပြည်ထောင်စု၏ ပိတ်ဆို့အရေးယူခြင်း ခံရသည့် ဝမ်ကောက်ကွေသည် တရုတ်နိုင်ငံသို့ ပြန်သွားပြီးနောက် ၎င်းသည် တရုတ်စီးပွားရေးတွင် ဒေါ်လာသန်းရာပေါင်းများစွာကို ငွေကြေးခဝါချသည့်လုပ်ငန်းအား အဓိကထား လုပ်ကိုင်လာခဲ့သည်။ ၎င်း ရွှေ့ပြောင်းသွားသောကြောင့် BGF သည် ထိုဒေသမှ ရာဇဝတ်လုပ်ငန်းများကို ပိုမိုကျယ်ပြန့်စွာ ထိန်းချုပ်လာနိုင်သည်။ မြန်မာနိုင်ငံတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ရာဇဝတ်ဇုန်များ ထူထောင်လုပ်ကိုင်နိုင်ရန်အတွက် လုံခြုံရေးအစောင့်အရှောက်ရှိသည့် နယ်မြေများ ရရှိနိုင်ရန် ကရင် BGF ခေါင်းဆောင်များကို အားကိုးရသည်။ လုံခြုံရေးပေးခြင်း၊ နယ်စပ် ကုန်သွယ်ရေးကို ထိန်းချုပ်ခြင်း၊ ပြိုင်ဘက် လက်နက်ကိုင်အုပ်စုများနှင့် မြန်မာစစ်တပ်အကြား ဆက်ဆံရေးကို ကိုင်တွယ်ခြင်းဖြင့် ကရင် BGF နှင့် ခေါင်းဆောင်များသည် တရားမဝင်လုပ်ငန်းများမှ အကျိုးအမြတ် အများဆုံး ရနေသူများ ဖြစ်လာကြသည်။

ထိုပူးပေါင်းဆောင်ရွက်မှုမှ ရရှိသော အကျိုးအမြတ်များဖြင့် ဗိုလ်မှူးကြီး စောချစ်သူနှင့် ၎င်း၏တပ်မှူး  ဗိုလ်မှူး မုတ်သုန် ဦးဆောင်သည့် နယ်ခြားစောင့်တပ်အတွက် နည်းပညာ အဆင့်မြင့် လက်နက်များနှင့် အခြား စစ်လက်နက်ပစ္စည်းများ အကြီးအကျယ် တပ်ဆင်ခဲ့ကြသည်။ BGF တပ်များ၏ လက်နက်များသည် မြန်မာစစ်တပ်ထက် အရည်အသွေး သာလွန်သောကြောင့် BGF သည် မြန်မာစစ်တပ် ကွပ်ကဲမှုအောက်ရှိ တပ်များအနက် အန္တရာယ်အများဆုံး တပ်ဖွဲ့ဖြစ်လာသည်။

ထိုင်းနိုင်ငံသည် ခြိမ်းခြောက်မှုကို မြင်သော်လည်း တားဆီးရန် မဆိုစလောက်သာ အားထုတ်ခဲ့

BGF နှင့် တရုတ်ရာဇဝတ် အုပ်စုများသည် သြဇာထူထောင်ရန် နှင့် ရုပ်ပိုင်းဆိုင်ရာ အထောက်အပံ့ရရှိစေရန်  ထိုင်းနိုင်ငံ၌ အကြီးအကျယ် ရင်းနှီးမြှုပ်နှံကြသည်။ ၎င်းတို့သည် ထိုင်းနိုင်ငံကို အသုံးချ၍ ရာဇဝတ်ဇုန်များသို့ လူကုန်ကူးခြင်းအပြင် အင်တာနက် ချိတ်ဆက်ခြင်း နှင့် လျှပ်စစ်ဓာတ်အား ရရှိရေးတို့ အတွက် ထိုင်းနိုင်ငံကို အားကိုးသည်။ ထိုင်းနိုင်ငံသည် BGF အတွက် အဆင့်မြင့် လက်နက်ကိရိယာများ ရရှိရာ ရင်းမြစ်နှင့် လမ်းကြောင်းလည်း ဖြစ်သည့်အပြင် နှစ်နိုင်ငံကုန်သွယ်ရေးအတွက် ဖြတ်သန်းနေရာများကို အဆင်ပြေချောမွေ့စေရန် BGF က လုပ်ပေးထားသည်။

၂၀၂၂ ခုနှစ် နှစ်လယ်က ထိုင်းအာဏာပိုင်များသည် “မီးခိုးရောင် တရုတ်စီးပွားရေးလုပ်ငန်းများ” ဟု ၎င်းတို့ခေါ်သည့် စီးပွားရေးလုပ်ငန်းများနှင့် ထိုင်းနိုင်ငံသားများနှင့် နိုင်ငံခြားသား သောင်းပေါင်းများစွာကို မြန်မာနိုင်ငံသို့ လူကုန်ကူးနေခြင်းအတွက် စိုးရိမ်ပူပန်မှုမြင့်တက်လာခဲ့သည်။ ထိုင်းနိုင်ငံ ပိုင်နက်တွင်း လူသတ်မှုများ၊ အပြန်အလှန် ပစ်ခတ်မှုများ ၊ တရုတ်လူမျိုးများ ပြန်ပေးဆွဲခံရခြင်း ၊ တိုက်ခိုက်ခံရခြင်း၊ သို့မဟုတ် ညှဉ်းပန်းနှိပ်စက်ခံရခြင်းစသည် ကောလဟာလများကြောင့် လူထုက ကျယ်ကျယ်လောင်လောင် ပြစ်တင်ရှုတ်ချ လာကြသည်။

ထို့ကြောင့် ထိုင်းနိုင်ငံသည် ဖြိုခွဲမှုများ စတင်လုပ်ကိုင်လာခဲ့သည်။ ယထိုင်း (Yathai) ရာဇဝတ်ခေါင်းဆောင် ရှီကျီကျန်းကို တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးတော့မည် ဖြစ်သည်။ လူကုန်ကူးမှုကို ဖြိုခွဲရန်အတွက် ထိုင်းလုပ်ငန်းကော်မတီတစ်ခု ထူထောင်၍ ထိုင်းရဲတပ်ဖွဲ့သည် တရုတ်၏ မီးခိုးရောင် စီးပွားရေးများကို စုံစမ်းစစ်ဆေးရန် လုပ်လာသည်။ ၂၀၂၃ ခုနှစ်၊ ဇွန်လတွင် ထိုင်းရဲတပ်ဖွဲ့သည် ထိုင်းနိုင်ငံရှိ ဟုန်မန်ရုံးကို ဝင်ရောက်စီးနင်းကာ ရွှေကုက္ကိုနှင့်ပတ်သက်၍ အမည်ဆိုး ကျော်ကြားသည့် ရာဇဝတ်ဂိုဏ်းခေါင်းဆောင် ယုရှင်ချီ ကို ဖမ်းဆီးခဲ့ပြီး တရုတ်ရာဇဝတ် ဂိုဏ်းခေါင်းဆောင်များကို ဖျော်ဖြေပေးနေသည့် အထူးနိုက်ကလပ်ပိုင်ရှင် အများအပြားကိုလည်း ဖမ်းဆီးခဲ့သည်။

သို့သော် ထိုလုပ်ဆောင်မှုများသည် မြန်မာနိုင်ငံတွင်းရှိ ရာဇဝတ်မှု လုပ်ငန်းများ အခြေပြုရာ  ထိုင်းအခြေစိုက်လုပ်ငန်းများကို ဖြိုဖျက်နိုင်ခြင်း မရှိပေ။ မဲဆောက် ဝန်းကျင်တွင် ဆောက်လုပ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ကိုင်နေပြီး ထိုင်း-မြန်မာနယ်စပ် တလျှောက်မှသည် မြောက်ပိုင်း ဝ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ထိန်းချုပ်ဒေသအထိ ရာဇဝတ်ကောင် အသစ်များ ပေါ်ပေါက်လာနေသည်။ ထိုနည်းတူစွာပင် ကရင် BGF များသည် ထိုင်းတရားဥပဒေ စိုးမိုးရေး အားထုတ်မှုများကို ဗြောင်ကျကျ ချိုးဖောက်နေသည်။ ထိုင်းက ရှီကျီကျန်းကို ဖမ်းဆီးသောအခါ BGF ပြောခွင့်ရသူတဦးက အဆိုပါ ဖမ်းဆီးမှုသည် ရွှေကုက္ကို၏ ပုံမှန်လုပ်ငန်းဆာင်တာများကို ထိခိုက်စေခြင်း မရှိကြောင်း လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့သည်။ ၂၀၂၃ ခုနှစ်၊ ဇွန်လ အစောပိုင်းတွင် ထိုင်းနိုင်ငံက နယ်စပ်ရှိ ဇုန်များအား လျှပ်စစ်ဓာတ်အား ဖြတ်တောက်ရန် လုပ်ဆောင်သောအခါ BGF ကလည်း နယ်စပ်ကုန်သွယ်ရေး အကြီးဆုံးဂိတ်ကို ပိတ်ပစ်မည်ဟု ခြိမ်းခြောက်သည်။ ထိုင်းက လျှပ်စစ်ဓာတ်အားပေးပို့မှု ဖြတ်တောက်လိုက်သောအခါ BGF သည် မီးစက်များအတွက် ဒီဇယ်များကို ပိုမိုတင်သွင်းပြီး အဆိုပါ ဖြိုခွင်းမှုကို ငွေရှာရန် အခွင့်အလမ်းအဖြစ် ပြောင်းလဲပစ်လိုက်သည်။

တရုတ်က ထိန်းချုပ်ရန် ကြိုးစားသော်လည်း မပြတ်မသား

ငွေကြေးလိမ်လည်မှု စစ်ဆင်ရေး၏ အဓိက ပစ်မှတ်ဖြစ်နေသော တရုတ်နိုင်ငံသည် ၎င်း၏ နိုင်ငံသားများကို ကာကွယ်ရန်နှင့် အရှေ့တောင်အာရှ အိမ်နီးချင်းများနှင့် ဆက်ဆံရေးအတွက် ကြီးမားသော ခြေလှမ်းများ လှမ်းသည်။ ဘေဂျင်းသည် ဘဏ်များအား ငွေကြေးခဝါချမှု စည်းကမ်းချက်များ တင်းကျပ်လိုက်ခြင်း၊ WeChat ကို စောင့်ကြည်ခြင်းဖြင့် ရာဇဝတ်သားများ တရုတ်ဆက်သွယ်ရေးလုပ်ငန်းများ အသုံးပြုခြင်းကို ဖြတ်တောက်သည်။ လူကုန်ကူးမှုနှင့်ပတ်သက်၍ အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် အသိပညာပေးခြင်းနှင့် အရှေ့တောင်အာရှနိုင်ငံများသို့ တရုတ်နိုင်ငံသားများ ခရီးသွားခြင်းကို ပိတ်ပင်သည်။

သို့ရာတွင်ယင်းလုပ်ငန်းများအနက် မည်သည်လုပ်ဆောင်ချက်ကမျှ ရာဇဝတ်ကွန်ယက်များ ဒေသတွင်း ပျံ့နှံ့ခြင်းကို တားဆီးနိုင်ခြင်း မရှိပေ။ ရာဇဝတ်ဂိုဏ်းများသည် အခြေအနေအရ လိုက်လျောညီထွေ ပြောင်းလဲနေပြီး တရုတ်ပြည်ပြင်ပဈေးကွက်သို့ ပိုမိုအာရုံစိုက်ကာ တရုတ်လူငယ် အလုပ်ရှာသူများအား မှောင်ခိုကူးရန် ပြင်ဆင်လုပ်ဆောင်နေသည်။

ပြီးခဲ့သောလက တရုတ်အာဏာပိုင်များသည် စစ်ကောင်စီအား မြန်မာနိုင်ငံတွင်းရှိ တရုတ်နိုင်ငံသားများကို ပစ်မှတ်ထားသည့် ရာဇဝတ်လှုပ်ရှားမှုကို ခြေမှုန်းရန် တောင်းဆိုခဲ့သည်။ သို့သော် စောချစ်သူနှင့် သူ၏ BGF များမှာမူ တစုံတရာ ပြစ်ဒဏ်ခံရခြင်းမရှိဘဲ လုပ်ငန်းများ ဆက်လက်လုပ်ကိုင်နေကာ ဧပြီလက ဒီမိုကရေစီအင်အားစုများ ပြုလုပ်သည့် စစ်ရေး တိုက်ခိုက်မှုမျိုးကပင် ရာဇဝတ်မှု ကျူးလွန်နေသူများကို ဖယ်ရှားနိုင်မည် မဟုတ်ကြောင်း ရှင်းရှင်းလင်းလင်း ပြသလိုက်သည်။ ၎င်းစံနမူနာကို လိုက်၍  အခြား လက်နက်ကိုင်များသည်လည်း ၎င်းတို့ပိုင် မတရားသဖြင့် စီးပွားရေးနယ်မြေများ ထူထောင်နိုင်ရန် အံ့သြစရာ ကောင်းလောက်သည့် အမြန်နှုန်းဖြင့် လုပ်ဆောင်နေကြသည်။

နိုင်ငံဖြတ်ကျော် တက်ညီလက်ညီ ပူးပေါင်းအားထုတ်မှုကသာ မြန်မာ့အခြေပြု ရာဇဝတ်မှုခင်းများကို တားဆီးနိုင်

ထိုသို့သော ရာဇဝတ်ကွန်ရက်များ အပြိုင်းအရိုင်းကြီးထွားအားကောင်းလာခြင်းကို တားဆီးနိုင်ရန် နိုင်ငံတကာ ပူးပေါင်း ညှိနှိုင်းဆောင်ရွက်မှု လိုအပ်သည်။ အမေရိကန် ပြည်ထောင်စုသည် အခြားမိတ်ဘက်နိုင်ငံများနှင့် ပူးပေါင်း၍ BGF ကို ပိတ်ဆို့အရေးယူကာ မြန်မာနိုင်ငံတွင်း ခြေကုတ်ယူ ရှင်သန်ကြီးထွားလာနေသာ ရာဇဝတ်လက်နက်ကိုင် အားလုံး၏ တယ်လီကွန်း ဆက်သွယ်ရေးလမ်းကြောင်းများ ဖြတ်တောက်ရာ၌ ဦးဆောင်အခန်းကဏ္ဍမှ ပါဝင်နိုင်သည်။ ထိုသို့လုပ်ဆောင်ရာတွင် အိမ်နီးချင်းနိုင်ငံများ၊ အခြားနိုင်ငံတကာ တရားဥပဒေ စိုးမိုးရေးအဖွဲ့များနှင့် ဂရုတစိုက် ညှိနှိုင်းဆောင်ရွက်ရန် လိုပါသည် ။ မြန်မာနိုင်ငံအတွင်းသို့ လူကုန်ကူးခံနေရသော ကမ္ဘာ့နိုင်ငံအသီးသီးမှ နိုင်ငံသားအများအပြားအား နေရပ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်နိုင်ရန် အဓိကကျသည့် နယ်စပ်ဖြတ်ကျော် စစ်ဆင်ရေး လိုအပ်မည်ဖြစ်သည်။


Related Research & Analysis

The Current Situation in Burma

The Current Situation in Burma

Monday, February 10, 2025

Following 10 years of gradual progress on political and economic liberalization—and a landslide victory for the NLD in the 2020 election—the Burmese army took power in a coup on February 1, 2021, just hours before the newly elected members of Parliament were set to convene. The army has quickly reversed hard-won progress toward democracy and human rights in Burma. It has arrested elected officials, activists, and journalists, done away with even the most basic civil and political rights, blocked access to social media, and, intermittently, to the internet entirely.

Type: Fact Sheet

China’s Rhetoric on Myanmar Doesn’t Match Reality

China’s Rhetoric on Myanmar Doesn’t Match Reality

Thursday, January 30, 2025

As Myanmar’s civil war grinds on and increasingly threatens China’s interests, Beijing has stepped up its engagement with all sides, especially Myanmar’s junta. The announcement that China and the junta plan to “establish a joint security company to protect Chinese investments and personnel in Myanmar” has raised concerns and speculation that this initiative could worsen the conflict and endanger the Myanmar people and Chinese nationals working in Myanmar.

Type: Analysis

Myanmar’s Escalating Crisis: A Year in Review and the Road Ahead

Myanmar’s Escalating Crisis: A Year in Review and the Road Ahead

Wednesday, January 15, 2025

Myanmar's post-coup conflict has now stretched into its fourth year, with no resolution in sight. Far from subsiding, the conflict has escalated dramatically. Last year was particularly devastating for the Myanmar military, marking its worst losses in history. The fall of key military strongholds in Lashio and Ann stands as the most significant events but is only part of a broader pattern of losses; 91 towns and 167 military battalions have been lost, signaling a crisis of unprecedented scale for the regime.

Type: Analysis

How Crime in Southeast Asia Fits into China’s Global Security Initiative

How Crime in Southeast Asia Fits into China’s Global Security Initiative

Wednesday, January 8, 2025

For decades, mainland Southeast Asia has been a center for transnational criminal activities, including drug trafficking, money laundering and, most recently, online scam operations. After several governments in Southeast Asia cracked down on criminal gangs over the last decade, many of them — particularly those that are Chinese-run — have relocated to the Golden Triangle region, where the borders of Myanmar, Laos and Thailand meet. Some have also moved to autonomous Special Economic Zones, such as those in Laos and Myanmar, that are in some cases under the rule of local militias and where regulations are limited. China has been watching these developments closely.

Type: Analysis

View All Research & Analysis